နေပြည်တော် မေ ၂၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ဆရာ/ ဆရာမ များ တွေ့ဆုံရာတွင် နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက်နှင့် သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှု၊ ကျောင်းသားနှင့်ဆရာ/ဆရာမအချိုး၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီမံထားရှိမှု၊ ကျောင်းစာကြည့် တိုက်နှင့် ကျောင်းကျန်းမာရေး ဆေးခန်းအခြေအနေ၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာချထားမှု၊ စာသင်ချိန်များစီစဉ်ထားမှု၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းကြို/ပို့ယာဉ်ပြေးဆွဲပေးမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာများ၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်း(Mask)များ စီစဉ်ထားရှိမှု၊ သောက်သုံးရေရရှိနိုင်ရေးပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင် ထားရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာ ဆရာမ များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းများတွင်လိုအပ်သည့် အချက်များ ကို ရှင်းလင်းတင်ပြကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကျောင်းဆရာ ၊ ဆရာမများအနေဖြင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား/ကျောင်းသူများကို ပညာများတတ်မြောက်ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ပိုမိုယဉ်ကျေးလိမ္မာပြီး စံပြကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်စေရေး၊ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးနှင့် သင်ကြားရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းသား/ ကျောင်းသူများကို အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများ၏လိုအပ်ချက်များကို သက်ဆိုင် ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)