ကျောက်မဲ မေ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဆုပန်ကျောင်းတိုက်၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျောက်မဲမြို့နယ် သံဃာ့နာယက ဆရာတော်များ၊ ခရိုင်သာသနာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များတက်ရောက်ပြီး ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မြို့ကျက်သရေ ဆောင်ခန်းမအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပြီး ယင်းပါဠိပထမပြန် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ကျောက်မဲမြို့နယ်ရှိ ကျောင်းတိုက် ၁၈ တိုက်မှ သံဃာတော်ပေါင်း ၁၁၆ ပါး ရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှသိရသည်။
ကျောက်မဲမြို့အနေဖြင့် ယမန်နှစ်များက ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်ကို တစ်ဆက်တည်းကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပါဠိပထပြန် စာမေးပွဲကိုသာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)