တာလေ မေ ၂၀
လန့်တောင်းဘုရားသည် လွန်ခဲ့သော A.D ၁၉ ရာစုဝန်းကျင်က မြန်မာနိုင်ငံ၏ အရှေ့ပိုင်းဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ မြောက်ဘက်ပိုင်း တရုတ်နိုင်ငံနယ်စပ် (မိုင်းကာ) ယခု မိုင်းပေါက်ဒေသမှ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ဆင်းသက်လာသော ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူတစ်စုရှိခဲ့သည်။
ထိုအချိန်တွင် ပြောင်းရွှေ့လာခါစဖြစ်သော ထိုရှမ်းတိုင်းရင်းသားများသည် မှီတင်းနေထိုင် လုပ်ကိုင်စားသောက်ရန် နေရာမရှိကြသေးသဖြင့် အခြေချနေထိုင်ရန် နေရာသစ်ရှာကြရာ၌ (ပန်ပေါက်) ရွာကို အရင်းပြုကာ ရွာသစ်တည်၍ မှီတင်းနေထိုင် လာခဲ့ကြသည်။ ရွာသစ် တည်ပြီးနောက် ၉-၁၀ ရက် ရောက်လာသောအခါ ရှေးခေတ်အလိုက် လုပ်ကိုင်စားသောက်ရန် တောင်ယာ၊ လယ်ယာ၊ ခြံ စသည်တို့ကို အသက်မွေးဝမ်းကြောင်း ပြုဖို့ရန် လူတစ်စုက မြေနေရာ အရှာထွက်ခဲ့ကြသည်။ ထိုသို့ လုပ်ကိုင်စားသောက်ရန်အတွက် တောအုပ်၊ သစ်အုပ်၊ တောင်ရိုး ၊ တောနက် စသည်ဖြင့် တစ်တောင်ဝင် တစ်တောင်ထွက်ဖြင့် မြေနေရာကို အရှာထွက်လာခဲ့ကြစဉ် သစ်ပင်ကြီးများ ဝိုင်းရံခြုံငုံလျက် တောင်တွေကြားက သစ်အုပ်ကြီးကြီးများ ပေါက်လျက်ရှိသည့် (တောင်ကုန်းလေးတစ်နေရာ) ကိုတွေ့ခဲ့ကြပြီး ထိုနေရာ၌ပင် ရွှေဝါရောင်သန်းလျက် အပင်ခပ်ကြီးကြီး ပေါက်ပန်းပင်(၃) ပင်ကို လှန်းမြင်လိုက်ကြရ၏။ ထိုနေရာတွင် ပေါက်ပန်းပင်ကို ကျောမှီပြီး ခပ်စောင်းစောင်း ထိုင်နေတော်မူသော ရှေးဟောင်းဘုရား ရုပ်ပွားတော် တစ်ဆူကိုလည်း တွေ့မြင်ခဲ့ကြရလေသည်။
ထိုအခါ မြေယာအရှာထွက်ခဲ့ကြသော ရှမ်းတိုင်းရင်းသား တစ်စုတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အလျောက် ရုပ်ပွားတော်ကို ဖူးမျှော်လိုက်ကြရတော့ စိတ်နှလုံးတွင် ကြည်နူးမဆုံး၍ နဂိုကင်းအောင်းနေသော သဒ္ဓါတရားအဟုန်က တိုးပွားလာကာ လက်အုပ်ချီရှိခိုးကြပြီးနောက် ရုပ်ပွားတော် တည့်တည့်မတ်မတ်ဖြစ်ရန် ဝိုင်းဝန်း၍ မထူခဲ့ကြသည်။ သို့သော် ရှမ်းတိုင်ရင်းသားတို့မှာ အားလုံးက နည်းလမ်းမျိုးစုံသုံး၍ ရုပ်ပွားတော်အား အစွမ်းကုန်ကြိုးစား မထူကြသော်လည်း မည်သို့မျှ မထူနိုင်ကြသောကြောင့် နောက်ဆုံးတွင် ရွာသို့ပြန်ကာ သူတို့မြင်တွေ့ခဲ့ကြရသည့် အဖြစ်အပျက်အကြောင်းစုံကို ရွာသားများအား ပြန်လည်ပြောပြခဲ့ကြလေသည်။
ထို့နောက်(ပန်ပေါက်) ရွာသူရွာသားများ အိမ်ခြေ (၁၀) အိမ်လောက်က ပေါက်ပန်းပင်ပွဲတော် ကျင်းပကြမည်ဟုပြောကာ ထိုပေါက်ပန်းပင်အောက်တွင် ဗုဒ္ဓပူဇော်ပွဲတော် ကျင်းပကြရန် အားလုံးပြိုင်တူ သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ထိုအချိန်မှ ပန်ပေါက်ရွာသူရွာသားများ အားလုံးလည်း ပေါက်ပန်းပင် အနီးနားတဝိုက် တောအုပ်ထဲမှ ပေါက်ပန်းပင်ဘေးပတ်လည် ဝန်းကျင်တွင် ညအိပ်လာကြပြီး ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်သွားအောင် ပွဲတော်ကျင်းပနိုင်ရန် ဝိုင်းဝန်းပြင်ဆင်ခဲ့ကြသည်။ ရှမ်းတိုင်းရင်းသားများ အစဉ်အလာ အစားအစာအရ တစ်ချို့က ကောက်ညှင်းဆန်ကို မနက်စောစောပေါင်းပြီး ဆွမ်းတော်တင်နိုင်ရန်နှင့် ပွဲတော်အတွင်း၌ ဧည့်ခံကျွေးမွေးနိုင်ရန် ဆန်ကို ရေစိမ်ကြသည်။ မနက်စောစောတွင် အချက်အပြုတ် အဖွဲ့သားတို့က အမှောင်ထဲတွင် နှင်းဖွဲဖွဲလွှမ်းခြုံလျက်ရှိသော ရေချောင်းဘက်သို့ ရေခပ်ဆင်း သွားကြလေသည်။ ထိုအခိုက်မှာ ချောင်းကရေတက်နေပြီး ရေခပ်ဆင်းသူများမှာ ချောင်းတဖက်ကမ်းတွင် ကိုရင်လေးတစ်ပါးကို ရုတ်တရက် လှမ်းမြင်ကြရလေသည်။ ထိုကိုရင်လေးက ချောင်းရေတက်ရင်းတန်းလန်း ချောင်းတစ်ဘက်ကမ်းသို့ ဖြတ်ကူးမည် လုပ်ရာ သူတို့ကရေကျသည်အထိ ခေတ္တစောင့်ဆိုင်းပါရန် ဝိုင်းဝန်းတားကြရာမှ ထိုကိုရင်လေးက ဘာမှမဖြစ်ဘူးဟု ပြန်လည်မိန့်တော်မူသဖြင့် ရေခပ်ဆင်းသူများက ရေကိုသာ ဆက်လက်ခပ်ကြလေသည်။ ထိုအခိုက် ရေခပ်ပြီး ကိုရင်လေးအား ပြန်လည်သတိရလာချိန်တွင် ထိုကိုရင်လေးသည် ထိုနေရာမှာပင် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်ကို သိလိုက်ရသည်။ ရေခပ်ဆင်းကြသော ပန်ပေါက်ရွာသားများ ရေခပ်ပြီး ဘုရားပွဲကျင်းပမည့်နေရာသို့ ပြန်ရောက်လာတော့ ပေါက်ပန်းပင်အားမှီ၍ နဂိုစောင်းလျက်ရှိနေသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မှာ မားမတ်စွာထောင်လျက် ထိုင်နေတော်မူသည်ကို အံ့ဩစွာတွေ့မြင်ကြရလေတော့သည်။
ထိုမှစတင်ကာ တစ်ခေတ်ပြီးတစ်ခေတ်ဆက်ကာ စော်ဘွားစင်ဟာ အစ်ကိုဖြစ်သော မိုင်းလင်းဘွားဖြစ်သူ ဘွားအိင်း(န်)တဝန်းတို့ခေတ် ရောက်လာသောအခါ ရပ်နီးရပ်ဝေးမှ အလှူရှင်များနှင့်အတူ အုတ်စိမ်းလှူဒါန်းကာ ကျောင်းဆောင်ဆောက်လုပ် လှူဒါန်းခဲ့ကြရာမှ စတင်၍ ယခုရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ မိုင်းလင်း(အရှေ့) ကျေးရွာ အုပ်စုအတွင်း လန့်တောင်းကျေးရွာတွင် အများပြည်သူတို့ သိရှိထားသည့် သမိုင်းဝင်အထင်ကရ ဘုရားကြီးတစ်ဆူအဖြစ် ထင်ရှားကျော်ကြားသော “လန့်တောင်းဘုရား” အဖြစ် ဖြစ်ပေါ်လာခဲ့လေသည်။
ဆက်လက်၍ ဘုရားကျောင်းဆောင် တိုးချဲ့ဆောက်လုပ်ရန် ရပ်နီးရပ်ဝေးမှ အလှူရှင်များနှင့်အတူ လုံးဆန်အိဝ်းနှင့် ကျိုင်းတုံမှ ဆရာခမ်းတန်းတို့က ကျောင်းဆောင်အမိုးဆောက်လုပ် လှူဒါန်းခဲ့ကြပြီး သာသနာနှစ် ၂၅၁၄ ခု၊ ကောဇာသက္ကရာဇ် ၁၃၃၃ ခုနှစ် နတ်တော်လပြည့် ၊ ခရစ်နှစ် ၁၉၇၁ တွင် အလှူရှင် ယာရှဲန်(င်)က ယခုကျောင်းဆောင်ကို စတင်ဆောက်လုပ်ရန် အလှူငွေ ၃၀၀၀ စတင် မတည်ခဲ့သည်။ သာသနာနှစ် ၂၅၂၀၊ ကောဇာသက္ကရာဇ် ၁၃၃၈ ခုနှစ်၊ နတ်တော်လပြည့်၊ ခရစ်နှစ် ၁၉၇၆ တွင် အောင်မြင်စွာ ရေစက်သွန်းချ လှူဒါန်းနိုင်ခဲ့ကြသည်။ လွန်ခဲ့သော ကောဇာသက္ကရာဇ် ၁၃၄၆၊ ခရစ်နှစ် ၁၉၈၄ ပြာသိုလရောက်သောအခါ ရုပ်ပွားတော်၏ မုနိတော်မှာ အခိုးခံသွားရာ အဆိုပါမုနိတော်မှာ ပြန်လည်ရရှိပြီး ဖြစ်သည်။
တာလေမြို့တွင် သမိုင်းဝင် အထင်ကရ ဘုရားကြီးတစ်ဆူအဖြစ် ထင်ရှားလျက်ရှိ သော “လန့်တောင်းဘုရား” နည်းတူ လူသိများသော နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ “အင်ကြင်း ” ကျောက်မှာလည်း ရှေဟောင်း သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြသထားလျက်ရှိရာ တာလေမြို့ကို ဖြတ်သန်းသွားလာကြသော အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ အနေဖြင့် “လန့်တောင်းဘုရား” သို့ ဘုရားဖူး လာရောက်နိုင်ပါရန် တာလေမြို့မှ လိုက်လှဲစွာ ဖိတ်ခေါ်လိုက်ရပါသည်။
အောင်ကျော်မိုး ( တာလေ)