ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

 

ဟိုပုံး    မေ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် /မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊  လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက အမှာစကားပြောကြားရာတွင် ၂၀၂၁ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရေးအတွက် ကြိုတင်ပြင် စီမံဆေင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု လုံးဝ မရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ(Face Shield)တို့ကို အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက  ထောက်ပံ့ငွေများ ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က လက်ခံ ယူခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊  ပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက   အခြေခံပညာ အထက်တန်းကျောင်းအ.ထ.က(၂)အား ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)