ဟိုပန် မေ ၂၀
ကျောင်းဖွင့်ရာသီတွင် ကျောင်းသူ/ ကျောင်းသားများ အဆင်ပြေစွာ စာသင်ကြားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် သန့်ရှင်းရေး ဆောင်ရွက်မှုအခြေအနေကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီက ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
စာသင်ခန်းများပြင်ဆင်ထားရှိမှု၊ စာသင်ခုံ၊ ထိုင်ခုံများ ပြန်လည်ပြင်ဆင်နေမှု၊ ကျောင်းတွင်း/ ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကလေးကစားကွင်း သန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးမူနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းနှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
စုပေါင်းသန့်ရှင်းရေးကို ခမရ(၁၄၃)၊ ခမရ(၁၄၅)မှ အရာရှိ၊ စစ်သည်နှင့်ရဲမေများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနနှင့် ဆရာ/ဆရာမများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
“ဝ”တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် မှ ဗိုလ်မှူးချုပ် တင်အောင်ဆွေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီး စိုးပိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုး၊ ဦးကျင်ဝမ်းနှင့် ဦးထွန်းထွန်းဝင်း(အတွင်းရေးမှူး)တို့သည် မြို့ပေါ်စာသင်ကျောင်းများသို့ သန့်ရှင်းရေးဆောင်ရွက်မှုနှင့် ကျောင်းပြင်ဆင်ထားရှိမှုအခြေအနေ တို့ကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)