ကျောက်ဆည် မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု တို့ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြည်သူများ ‘‘ယာဉ်အန္တရာယ်ကင်းရှင်းဖို့၊ ယာဉ်စည်းကမ်းလိုက်နာကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းဝေးစေရေး ဆောင်ရန် ရှောင်ရန်အချက်များ လိုက်နာဆောင်ရွက်ကြစေရေးနှင့် ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကောင်းမြတ်သူက ကျောက်ဆည် ခရိုင်အတွင်း ၂၀၂၁ ခုနှစ်ဧပြီလတွင် ကျောက်ဆည် မြို့နယ်တွင်(၃)မှု၊ စဉ့်ကိုင် မြို့နယ်တွင်(၃)မှု၊ မြစ်သားမြို့နယ်တွင်(၃)မှု၊ ယာဉ်တိုက်မှု(၉)မှု ဖြစ်ပွားခဲ့ပါကြောင်း ဒဏ်ရရှိသူ(၁၃)ဦး၊ သေဆုံးသူ(၃)ဦး ရှိခဲ့ကြောင်း၊ ယာဉ်မောင်းနင်သူများသည် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနင်ခြင်း၊ အရက်သေစာ သောက်စား မောင်းနင်ခြင်း၊ ကြံ့ခိုင်မှုနည်းပါးသည့် ယာဉ်များကို မောင်းနင်ခြင်းနှင့် ယာဉ်မောင်းရာတွင် ကျွမ်းကျင်မှု နည်းပါးသောကြောင့် ယာဉ်တိုက်များ ဖြစ်ပွားလျက်ရှိရာ ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းများ၊ လမ်းအသုံးပြုသူများ လိုက်နာရန် စည်းကမ်းချက်များကို ပြည်သူများအားလုံးက လိုက်နာ ဆောင်ရွက်ကြရန် အချက်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်း စသည့် စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို Online မှတစ်ဆင့် လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး(ပြန်/ဆက်)