လယ်ဝေး မေ ၂၀
လယ်ဝေးမြို့နယ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အခြားလိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ကျောင်းတွင်း၊ ကျောင်းပြင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကျောင်းအပ်နှံရာ တွင် နိုင်ငံတော်မှအခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Maskနှင့် Face Shield စသည့် ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်ခင်နှင်းယု ထံမှ သိရသည်။
လယ်ဝေးမြို့နယ်အတွင်း အ.ထ.က(၁၈)ကျောင်း၊ အ.ထ.က-ခွဲ(၁၈)ကျောင်း၊ အ.လ.က (၁၄)ကျောင်း၊ အ.လ.က-ခွဲ(၂၆)ကျောင်း၊ မူလွန်(၅၁)ကျောင်း၊ မူလတန်း(၁၁၈) ကျောင်းနှင့် မူလတန်း-ခွဲ(၁၉)ကျောင်း စုစုပေါင်း(၂၆၄)ကျောင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။