နေပြည်တော် မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ နှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းသည်။
အစည်းအဝေးတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဥတ္တရခရိုင်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီဥက္ကဌ) ဦးကျော်သန်းလင်းက အမှာစကား ပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်၍ အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်ဖို့အတွက် လူငယ်များဟာ အဓိကကျသော အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံ အသီးသီးကို ကြည့်လျှင် လူငယ်များရဲ့ စွမ်းအားမြင့်မားလာဖို့ ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်နေတာကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ စွမ်းရည်ပြည့်ဝ တဲ့ လူငယ်များရဲ့ အင်အားစုဟာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူသားအရင်း အမြစ်များ ဖြစ်ပါကြောင်း အမျိုးသမီး ကော်မတီနှင့်ပတ်သက်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန်ချက်များ ချမှတ်ခြင်းနှင့် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် လည်းပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဥတ္တရခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အတွင်းရေးမှူး နေပြည်တော်လူမှု ဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ကလေးသူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အမျိုးသမီးဘဝဖွံဖြိုးတိုးတက်ရေး အတွက် အလုပ်အကိုင်ရရှိစေရေး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံနေရမှု ကင်းဝေစေရေး ဆောင်ရွက်ထားရှိမှု များအား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များက မိမိတို့ဆောင်ရွက်နေသော ကလေးသူငယ် အခွင့်အရေးများနှင့် အမျိုးသမီးများ ဘဝဖွံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)