မြစ်ကြီးနား မေ ၁၉
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားရေးဟု ပါရှိသည့်အတွက် အနာဂတ်လူငယ်လူရွယ်များ၏ ပညာရေးဖွံ့ဖြိုးမှု နောက်မကျစေရေးအတွက် ကျောင်းများ အေးချမ်းတည်ငြိမ်စွာဖွင့်လှစ်၍ ပညာသင်ကြားခွင့်ရရှိရေးကို ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ယခင်နှစ်များတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင်ရွက်လေ့ရှိသော်လည်း ယနေ့ကာလအခြေအနေအရ ကျောင်းသားများ၊ မိဘများ၊ ဆရာ/ဆရာမ များ၏ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစိတ်ချမှုရှိစေရန် လုံခြုံရေးဆိုင်ရာများ အပြည့်အဝဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ပညာသင်ခွင့်ရရှိရေးကို ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ကျောင်းများဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး တပ်မတော်မှ တပ်နယ်အလိုက် လုံခြုံရေးစီမံချက်ရေးဆွဲ ပြီး ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေး နွေးပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဉာဏ်မြင့်ကျော်မှ ကျောင်းများတည်ငြိမ်အေး ချမ်းစွာဖွင့်လှစ်နိုင်ရေး ခရိုင်နှင့်မြို့နယ်များအလိုက် ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပေါင်းစပ်၍ လုံခြုံရေးရယူဆောင်ရွက်သွားမည့် အသေးစိတ်စီမံချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းက အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် ဆောင်ရွက်သွားမည့် အစီအမံများ၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သွားမည့် အခြေခံပညာကျောင်းများနှင့် သင်ကြားရေးဝန်ထမ်း လိုအပ်ချက်အပေါ် နေ့စားလပေးဝန်ထမ်းများ ခန့်ထားသွားမည့်အခြေအနေနှင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးဖြင့် ညှိနှိုင်းပေါင်းစပ်ပေးရန်ကိစ္စရပ်များအပေါ် ရှင်းလင်းတင်ပြပြီး မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ခရိုင်အလိုက် မြို့နယ်နှင့်မြို့များတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးစီမံအုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကော်မတီများ ဖွဲ့စည်းပြီး စည်းကမ်းထိန်းသိမ်းရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် စီမံဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ကျောင်း များဖွင့်လှစ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျောင်းများဖွင့်လှစ်ရာ အထူးသဖြင့်လုံခြုံရေးကို တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပေါင်းစပ်၍ ဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်လည်း စံလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရေး၊ ကျောင်းသုံးပစ္စည်းများနှင့် ကိုဗစ်ကာကွယ် ရေးပစ္စည်းများ ခရိုင်၊ မြို့နယ်များသို့ အချိန်မီ ဖြန့်ဝေပေးနိုင်ရေး၊ လိုအပ်သည့် ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးနိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်