မန္တလေး မေ ၂၀
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ဒေါနဘွားရပ်ကွက်၊ အကွက်(၅၄)၊ ၁၄လမ်းနှင့်၁၅လမ်းကြား၊ ၆၃လမ်းနှင့်၆၄လမ်းကြားရှိ အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်း ဧဝရတ်ကျောင်းဆောင်၌ ကျင်းပရာ မန္တလေးခရိုင် မီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာလှကြွယ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ဒေါက်တာလှကြွယ်နှင့်အတူ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဇော်မျိုးဝေနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်မှ ရာသက်ပန်အသင်းဝင် နည်းပြများနှင့် သင်တန်းသား(၄၅)ဦးတို့ တက်ရောက် ကြသည်။
သင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရားအကြောင်း၊ လူနာ စမ်းသပ်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ စိတ်ချရသော ဘေးစောင်း အနေအထား၊ ဆို့နင်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်းကုပ်ခြင်း၊ ပတ်တီးလိပ်စည်းနည်း၊ သုံးထောင့်ပတ်တီးစည်းနည်း၊ ဒဏ်ရာအမျိုးမျိုး သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ လူနာသယ်ဆောင်နည်း၊ First Aid Kit၊ ဦးခေါင်းနှင့် ကြောရိုးမကြီးဒဏ်ရာ ပြုစုနည်း၊ သယ်ယူနည်း၊ အရိုးကျိုးခြင်း၊ အရွတ်အကြောအဆစ်ဒဏ်ရာ RICE စည်းနည်း စသည့် ဘာသာရပ် အမျိုးမျိုးကို သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး နေ့စဉ်နံနက် ၈ နာရီမှ ၁၁ နာရီခွဲထိ မေလ ၂၀ ရက်မှ ၂၃ ရက်ထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)