မိတ္ထီလာ မေ ၂ဝ
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် သြဇာခြံရပ်တွင် တည်ထားသည့် သမိုင်းဝင် ရတနာသင်္ကျစ်စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၄ မိနစ်အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာဘာဝတ ဆရာတော် အမှူးပြုသော ပင့်သံဃာတော်များထံသို့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များနှင့် ရွှေထီးတော် ဘုံအဆင့်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းကို ရတနာသင်္ကျစ်စေတီတော် အကျိုးတော်ဆောင်အဖွဲ့၏ ဩဝါဒါစရိယ သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ အလှူရှင်များ၊ စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သမိုင်းဝင်စေတီတော်အား မူလဉာဏ်တော် ၂၇ ပေအမြင့်မှ ဉာဏ်တော်အမြင့် ၅၄ ပေအထိ တိုးမြှင့်တည်ထား ခဲ့ပြီးနောက် ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ကျင်းပခြင်း ဖြစ်သည်။
အဆိုပါ သမိုင်းဝင်ရတနာသင်္ကျစ်စေတီတော်၏ မူလဒါယိကာမှာ ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်း၏ သားတော် အိမ်ရှေ့မင်းဖြစ်သည်။ မိတ္ထီလာကန်အား ဆည်ဖို့ပြုပြင်ရန် ဘိုးတော်ဗဒုံမင်း ကြွရောက် လာချိန်တွင် လိုက်ပါလာသည့် အိမ်ရှေ့မင်းက မြန်မာသက္ကရာဇ် ၁၁၅၈ ခုနှစ်တွင် ရတနာသင်္ကျစ် စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းစေတီတော်ရှိ ရှေးဟောင်းဘုရားသမိုင်း ကျောက်စာ၏ မှတ်တမ်းဖော်ပြချက်များအရ သိရသည်။
ချမ်းသာ