ရန်ကင်း မေ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ရာ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထက်၊လယ်၊မူ ကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား မိဘများ သိရှိနိုင်ရန် အသိပေးကပ်ထား ဆောင်ရွက်ထားကြောင်း သိရသည်။
ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား/ကျောင်းသူ များမှ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကျောင်းများ အပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်း၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ် နှာခေါင်းစည်း (Mask)နှင့် မျက်နှာ အကာ(Face Shield)တို့ကို အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၄ ရက်နေ့မှ စတင်ပြီး ၃၁ရက် နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ထွေးလေး(ပြန်/ဆက်)