တွံတေး မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ စာကြည့်တိုက်များအား မှတ်ပုံတင်ကတ်ပြားပေးပွဲနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း စာရေးဆရာ မင်းသျှင်အောင် (တွံတေး)မှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးသက်ဦးက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ညွန်ကြားချက်အရ တွံတေးမြို့နယ်ရှိ ရပ်ကွက်စာကြည့်တိုက် (၃၃)တိုက်ကို စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက် လုပ်ငန်းသည် မွန်မြတ်သော ပရဟိလုပ်ငန်း ဖြစ်သည့် အားလျော်စွာ ကြိုးစားဆောင်ရွက်ကြရန် မိမိစာကြည့်တိုက်အောင်မြင်အောင် ဆောင်ရွက်ပေးကြရေး၊ စာအုပ်၊ စာစောင် တိုးပွားရေး စာကြည့်တိုက်အသင်းဝင်တိုးပွားရေး၊ ရေရှည်တည်တံအောင် ထိန်းသိမ်းကြရေး၊ မြေပြင်ရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်(၅၆)တိုက်သာ ဖွင့်လှစ်နိုင်သည့်အတွက် ထပ်မံကြိုးစားပြီး ဖွင့်လှစ်ကြရန် လိုသေးကြောင်း၊ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသက်ဦးမှ စာကြည့်တိုက်များမှ လိုအပ်သည့် ပရိဘောဂ၊ သုတရသစာအုပ်၊ အဆောက်အဦ အခြေအနေများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွံတေးမြို့နယ်ရုံးသို့ မေ၂၄ရက်နေ့အရောက် စာရင်းပေးပို့ပေးပါရန် ပြောကြားခဲ့ပြီး စာကြည့်တိုက် မှတ်ပုံတင်လက်မှတ်များကို ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်(၃၃) တိုက်အား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ရပ်ကွက်၊ကျေးရွာစာကြည့်တိုက်များမှလည်း မိမိတို့စာကြည့်တိုက် အခြေအနေများကို အသေးစိတ်ဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည် ဖြေရှင်းဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးတွင် တွံတေးမြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက် (၃၃)တိုက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်