လသာ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်းရှိ ကျောင်းများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေလ ၂၄ ရက် နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်း များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို ဆောင်ပုဒ်နဲ့ အညီလာ မည့် မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာ ကျောင်းအလိုက် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံခြင်းမရှိ ကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (FaceShield)တို့ကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့လည်း ကျောင်းအပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်မည်ဖြစ်ကာ မြို့နယ်အတွင်း အခြေခံပညာကျောင်း အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၅)ကျောင်းရှိကြောင်း သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)