သီပေါ မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် မိမိရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ နန္ဒဝင်း(ဆေး−၁)ရေးသားသော "လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဝါသနာရှင် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ စာပေအသိအမြင်များ အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်၊ စာပေကိုချစ်မြတ်နိုး၍ စာပေအသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးကျော်ကျော်လွင်က ဦးဆောင်ဆွေးနွေးပြီး အမျိုးသမီးအသင်း(Women Club)အဖွဲ့ဝင် ဒေါ်ချောချောထွန်းနှင့် မိမိရုံးဝန်ထမ်းများက စာအုပ်ပါ အကြောင်းအရာများကို ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်း အလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား တစ်လလျှင်(၁)ကြိမ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါပြန်/ဆက်)