မိုင်းယောင်း၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး (Talk Show) ကျင်းပ

မိုင်းယောင်း မေ ၂၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး (Talk Show)ကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ပြည်သူများအနေဖြင့် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေး (Talk Show) ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့်၊ သတင်းအချက်အလက်များ ရယူသုံးစွဲခွင့်နှင့် ကျန်းမာရေးစောင့် ရှောက်မှုခံယူခွင့်ရရှိစေရေး၊ မွေးရာပါအသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ကိုးကွယ်ပိုင်ခွင့်အပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အခြားသူများနည်းတူ ခံစားခွင့်ရှိရေး၊ မိမိတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများအတွက် တရားမကြောင်းဖြင့် တရားစွဲဆိုရာတွင် ကျသင့်ရုံးခွန် ကင်းလွတ်ခွင့်ရရှိစေရေး၊ အကျဉ်းကျနေစဉ်အတွင်း မသန်စွမ်းမှုကို အကြောင်းပြု၍ နှိပ်စက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အနိုင်ကျင့်ခြင်းများမှ အကာအကွယ်ရပိုင်ခွင့်နှင့် မသန်စွမ်းမှုဆိုင်ရာဝန်ဆောင်မှုများ ရပိုင်ခွင့်ရှိရေး စသည့် မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေးများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ယင်းနောက် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်က မသန်စွမ်း ကလေးသူငယ်များအတွက်ဆိုလျှင်လည်း မွေးရာပါအသက်ရှင်သန်ခွင့်ရှိပြီး ကလေးသူငယ် အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ကိုးကွယ်ပိုင်ခွင့်အပါအဝင် အခြေခံလွတ်လပ်ခွင့်များကို အခြားသန်စွမ်းသည့် ကလေးသူငယ်များနည်းတူ ခံစားခွင့်ရရှိရေး၊ ကလေးသူငယ်ဥပဒေပါ အခွင့်အရေးများအားလုံး သန်စွမ်းသူကလေးများနှင့်တန်းတူ ခံစားခွင့်ရရှိရေး၊ မသန်စွမ်းသူ အမျိုးသမီးများအတွက်ကိုလည်း မသန်စွမ်းအမျိုးသားများနှင့် တန်းတူ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ အမျိုးသမီးများအတွက် ဦးတည်ဆောင်ရွက်သော လုပ်ငန်းအစီအစဉ်တိုင်းတွင် ပါဝင်ခွင့်နှင့် အိမ်တွင်းအကြမ်းဖက်မှု အမျိုးမျိုးအပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုများနှင့် ခွဲခြားဆက်ဆံခံရမှုတို့မှ အကာအကွယ် ရထိုက်ခွင့်ရှိရေး စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ရုပ်သံကျွမ်းကျင်(၃) ဦးအားချာက နှစ်စဉ်ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကမ္ဘာတစ်လွှား အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို သတ်မှတ်ကျင်းပလျက်ရှိကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများအား အခန်းကဏ္ဍအသီးသီးတွင် ပိုမို၍မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ပါဝင်ဆင်နွှဲကျင်းပလျက်ရှိကြောင်း၊ မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယအမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံ ခံစားမှုပိုင်းဆိုင်ရာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူတို့ကို ဆိုလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

အားချာ