မန့်ဟီးရိုးမြို့၊ နောင်မွန်းကျေးရွာ(အ.မက)ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်

မန့်ဟီးရိုး မေ ၂၀ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်မွန်းကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာမူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မန့်ဟီးရိုးမြို့၊ နောင်မွန်းကျေးရွာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းကျောင်းကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် မည်သည့် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းပြုမည် မဟုတ်ကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း (Mask)၊ Face shield တို့ကိုလည်း အခမဲ့ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမ ဒေါ်မေမြတ်နိုးက ပြောကြားခဲ့သည်။ စန္ဒာ(ပြန်/ဆက်)