တာချီလိတ်မြို့၌ စိုက်ပျိုးရေးနည်းပညာသင်တန်း(၁/၂၀၂၁)ဖွင့်လှစ်

တာချီလိတ် မေ ၂၀ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် "ရှမ်းရှေ့နဂါးမင်းကုမ္ပဏီ" မှ ကြီးမှူး၍ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာသင်တန်းကို မေ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပေါ်တော်မူဘုရားကျောင်းလမ်း၊ ရန်အောင်မြေရပ်ကွက် ပါလျံ(၁)တွင် အခမဲ့ပို့ချပေးလျက် ရှိကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင် တက်ရောက် အမှာစကား ပြောကြားပေးခဲ့ပြီး အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်းဝင်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် ဆရာကြီးဦးသိန်းဆု (တွဲဖက်ပါမောက္ခ-အငြိမ်းစား၊ စိုက်ပျိုးရေး တက္ကသိုလ်)က စာတွေ့လက်တွေ့ ဟောပြောပို့ချပေးခြင်း၊ တစ်ပိုင်တစ်နိုင်အိမ်ခြံစိုက်ပျိုးခြင်း၊ အိမ်တွင်းဖြစ် သဘာဝမြေဩဇာပြုလုပ်နည်း၊ သဘာဝပိုးမွှားရောဂါ ကာကွယ်ဆေးများ ဖော်စပ်အသုံးပြုနည်း၊ ပေါင်းမြက်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်း စသည့်နည်းပညာဆိုင်ရာများကို လက်တွေ့ပို့ချ ပေးခဲ့သည်။ သင်တန်းကို ၃ ရက်တာ ပို့ချပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းပါဝင်ပေးခဲ့ကြရာ တောင်သူ ၂၇ ဦး တက်ရောက်ခဲ့ကြောင်း၊ တစ်လလျှင် တစ်ကြိမ် ဖွင့်လှစ်ပို့ချပေးနိုင်ရန် ရည်ရွယ်ထားကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။ ယာဆေး (ပြန်/ဆက်)