ကျောက်တန်း မေ ၁၉
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် Burno Mars Co.Ltd မှ တာဝန်ယူဆောင်ရွက်သော ဝဲကြီးကျေးရွာ စက်ရေတွင်းနှင့် အမြင့်တင်ရေစင် ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရေပေးဝေရေး ကော်မတီများနှင့် တွေ့ဆုံကာ အိမ်သွယ်ရေတိုင်စနစ် ဆက်လက်ဆောင်ရွက်နိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တာဝန်ရှိသူများအဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်လျက်ရှိသော ကြာကန်ဒိတ်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း (အရှည် ၇၀၅ ပေ x အကျယ် ၇ ပေ x ထု ၆ လက္မ) ခင်းခြင်းနှင့် Box- Cuvert (၁၂x ၄ x ၄ ပေ)ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ကော်မတီဝင် များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကျေးရွာမှာ လမ်းတွေ၊ Box- Cuvert တွေ၊ စက်ရေတွင်းတွေနဲ့ မြေသားရေကန်တွေကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အခုလိုဆောင်ရွက်ပေးခဲ့လို့ ရာသီမရွေးအလွယ်တကူ သွားလာနိုင်တယ်၊ နွေရာသီမှာလည်း သောက်သုံးရေဖူလုံတယ်၊ ဝမ်းသာပီတိဖြစ်ရပါတယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ တာဝန်ရှိသူမျာကိုလည်း ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ဒေသခံတစ်ဦးက ပြောကြားသည်။
ခင်ဆွေဝင်း (ကျောက်တန်း)