မုဒုံ မေ ၁၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (ထက်/လယ်/မူ) ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်းက အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ကာကွယ်ဆေးထိုးနှံမှုများ၊ ကျောင်းများတွင် ငွေကြေး ကောက်ခံမှုမရှိဘဲ ဆောင်ရွက်ထားရှိမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စများ ဆောင်ရွက်ထားရှိစေရန်နှင့် ကျောင်းများ သန့်ရှင်းစေရန်စသည့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်မှအခြေခံကျောင်းများ ဖွင့်လှစ်ရာ တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ သောက်သုံးရေ၊ မီးဘေးလုံခြုံ ရေး စသည့်ကျောင်းလိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံများက သက်ဆိုင်ရာ မိမိတို့ကျောင်းမှ လိုအပ်သည်များကိုတင်ပြရာ တာဝန်ရှိသူများမှ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ မုဒုံမြို့နယ်တွင်အခြေခံပညာ ကျောင်းပေါင်း (၁၀၂) ကျောင်းရှိပြီး မေလ(၂၄)ရက်နေ့မှ(၃၁)ရက်နေ့ထိ ကျောင်းအပ်လက်ခံ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မုဒုံမြို့နယ်