ကျောက်မဲမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

 

ကျောက်မဲ မေ ၁၉ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယနေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အမှတ် ၈ ရပ်ကွက် အောင်ဆန်းလမ်းမတစ်လျှေက်နှင့် မြေနိမ့်ပိုင်းလမ်းမများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တစ်ချို့ ရေဝင်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယနေ့နံနက် ၈ နာရီခန့်က မိုးတိတ်သွားသော်လည်း ကျောက်မဲကြီးဘက်မှ စီးကျလာသည့် တောင်ကျရေများကြောင့် အမှတ် ၈ ရပ်ကွက်ရှိအောင်ဆန်းလမ်းမပေါ်နှင့် မြေနိမ့်ပိုင်းများတွင် ယနေ့ နံနက် ၁၁ နာရီ ခန့်အထိ ရေကျသွားခြင်းမရှိ‌သေးကြောင်း သိရသည်။ 

အဆိုပါ ရေကြီးရေလျှံမှုကြောင့်  အမှတ် ၈ ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်းနှင့် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းအချို့ ပြိုကြပျက်စီးခဲ့ကြောင်း သိရသည်။ 

ယင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်မဲမြို့ အခြားရပ်ကွက်များရှိ မြေနိမ့်ပိုင်း‌တွင် ရေကြီးရေလျှံမှုများရှိခဲ့သော်လည်း မိုးတိတ်ပြီးနောက်ပိုင်း‌ရေ ကျသွားကြောင်းသိရသည်။ 

မိုင်းထွန်း(ပြန်/ဆက်)