မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

မိုင်းယု မေ ၁၉


 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ရောဂါ ဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask) မတပ်ဘဲ  လမ်းသွားလမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ကော်မတီ အဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆက်လက်ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ  စစ်ဆေးဆောင်ရွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့်အတူ ကော်မတီအဖွဲ့များက နှာခေါင်းစည်းမတပ်ဘဲ သွားလာကြသည့် ကုန်တင်ယာဉ်နှင့် လိုင်းကားမောင်းနှင်သူများ၊ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများနှင့်  လမ်းသွားလမ်းလာ ပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးကာ  ပညာပေးကာလအနေဖြင့် သတိပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ယင်းနောက် ဒေသတွင်းရှိ ဖွင့်လှစ်ရောင်းချနေကြသည့် စားသောက်ဆိုင်များ၊ ဈေးဆိုင်နှင့် ပျံကျဈေးသည်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သတိပေးကာလအတွင်း လိုက်နာဆောင်ရွက်ထားမှုမရှိပါက မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)