ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ဒဂုံဆိပ်ကမ်း မေ ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၇၉ ရပ်ကွက်၊ အောင်သုခလမ်း၊ မ-၈၁၉၊ ပရဆေးကုန်ကြမ်း သိုလှောင်ရုံဂိုဒေါင်တွင် ယမန်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ် (၇၉)ရပ်ကွက်၊ မ-၈၁၉၊ ဦးထွန်းဇော်ဦး (ဘ)ဦးမြိုင်၏ ပရဆေးကုန်ကြမ်း သိုလှောင်ရုံဂိုဒေါင်ရှိ အမုန့်ကြိတ်စက် အပူလွန်ကဲပြီး အနီးရှိ ဂွေးကိုင်းရွက်ခြောက်များ မီးစွဲ၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ စစ်နယ်မြေ(၃)မှ နယ်မြေမှူး ဗိုလ်မှူးကြီး သိန်းထိုက်ဦး၊ ခမရ (၅၉၆)မှ ခေတ္တဗျူဟာမှူး ဒုဗိုလ်မှူးကြီး မင်းစစ်နိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူး ဦးညီညီထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များ သွားရောက်ကြီးကြပ်ကာ အရံမီးသတ်တပ်ဖွဲ့(၂၀)ဦး၊ မီးသတ်ယာဉ်(၁၅)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အရံယာဉ်(၁)စီးတို့ဖြင့် မီးများငြှိမ်းသတ်ရာ နံနက်(၅)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ပစ္စည်းနှင့်အဆောက်အဦ ဆုံးရှုံးမှုတန်ဖိုးမှာ (၆၀၅၀၀၀) ကျပ်ဖြစ်ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့မစခန်းမှ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းဇော်ဦး အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်‌‌ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဒဂုံဆိပ်ကမ်း (ပြန်/ဆက်)