ရန်ကုန် မေ ၁၉
မေလ ၁၀ ရက် ၊ ည ၉ နာရီခွဲခန့်က ဘဝနတ်ထံစံလွန်တော်မူသွားသည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာ သင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တဓမ္မာနန္ဒ၏ သာဓုကီဠန အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းစာသင်တိုက် စံကျောင်းတော်နှင့် ညနေ ၃ နာရီတွင် ရုပ်ကလာပ်တော်ကို ရေဝေးသုသာန်သို့ ပင့်ဆောင်ပြီး အဂ္ဂိဈာပနလောင်တိုက်သွင်းပူဇော်သည့် အခမ်းအနားများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင် များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များသည် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ်မြတ်ထံမှ ဆရာတော်ကြီး၏ တပည့်ဒါကာ၊ ဒါကာမများ၊ ဧည့်ပရိသတ်များနှင့်အတူ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စစ်ကိုင်းဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များက စိန်ကတ္တီပါ လွှမ်းခြုံပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပေးပို့အပ်သော ဝမ်းနည်းကြောင်း သဝဏ်လွှာကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သံဖြူဇရပ်ဆရာတော် ဘဒ္ဒန္တ နန္ဒသာရလည်း ကောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ ပေးပို့အပ်သော ဝမ်းနည်းကြောင်းသဝဏ်လွှာကို ရန်ကုန်တိုင်း ဒေသကြီး သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်တို့က ဖတ်ကြားပူဇော်သည်။
ထို့နောက် လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဓမ္မရောင်ခြည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အမှူးပြုသော တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ် များက သံဝေဂတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေသည်။
ဆက်လက်၍ ဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာနန္ဒ၏ ထေရုပ္ပတ္တိအကျဉ်းကို ဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တသူရိန္ဒက ဖတ်ကြားပူဇော်ပြီး အခမ်းအနားများကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပ၍ ညနေ ၃ နာရီတွင် ရေဝေးသုဿန် သို့ ပင့်ဆောင်ကာ အဂ္ဂိဈာပနလောင်တိုက်သွင်းပူဇော်ခဲ့ကြပြီး ရပ်ဝေးရပ်နီးမှ တပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့ လိုက်ပါပို့ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)