နေပြည်တော် မေ ၁၉
နေပြည်တော်ကောင်စီကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ကလေးများအားလုံးတွင် အသက်ရှင်သန်ခွင့်ရှိပြီး အစားအသောက်၊ နားခိုရာနှင့်ကျန်းမာရေး စောင့်ရှောက်မှုများကို ရရှိနိုင်ခွင့်ရှိသည့်အပြင် ပညာသင်ကြားခွင့်နှင့် အခြေခံ လိုအပ် ချက်များကိုရပိုင်ခွင့်ရှိပါကြောင်း၊ ကလေးများအား ခေါင်းပုံဖြတ်ခြင်း၊ အန္တရာယ်ဖြစ်စေမည့် မည်သည့်ကိစ္စမဆို အကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ကလေး အလုပ်သမားဖြစ်စေသည့် အခြေခံအကြောင်းရင်းများဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားတို့၏ အခွင့်အရေးများကို ကျယ်ပြန့်စွာ သိရှိစေရန်ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားတို့အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူခွင့်နှင့် ကျောင်းပြင်ပပညာရေးများ သင်ယူခွင့်ရရှိစေရေး ဆောင်ရွက်ခြင်း၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများသိရှိစေရန် အသိပညာ ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကလေးအလုပ်သမားများ လျော့နည်း ပပျောက်စေရေးအတွက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနှင့်ပြည်သူများပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လို အပ်ပါကြောင်းတိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးကျော်သိန်းဆိုင် က နေပြည်တော် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းစဉ် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုမြတ်သဇင် က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍လည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီအလိုက်လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေ အနေများ ကိုရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကတင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)