ဇမ္ဗူသီရိ မေ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်၊ မိမိရုံးဌာနလုံခြုံရေး ဂရုစိုက်ကြရန်၊ ဌာနဆိုင်ရာ ရုံးများ၊ မြို့နယ်အတွင်းရှိဈေးများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရုပြုရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန်၊ လျှပ်စစ်ဝါယာရှော့များ အထူး ဂရုစိုက်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံရရှိပါက ဆေးထိုးနိုင်ရေးစာရင်းပြုစုထားရန်၊ ၂၀၂၁ မိုးရာသီသစ်ပင်စိုက်ပျိုးရေးစီမံချက်တွင် သစ်ပင်ပန်းမန်စိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်နှင့် ကျောင်းအပ်နှံရေး သီတင်းပတ် မှာ (၂၄-၅-၂၀၂၁) မှ (၃၁-၅-၂၀၂၁) ရက်နေ့အထိဖြစ်၍ အများ ပြည်သူများ သိရှိအောင် ကြေညာပေးရန်တို့အား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်က သန့်ရှင်းရေး ဆောင်ရွက်ရမည့် ကျောင်းများ ကိုလည်း စနေ၊ တနင်္ဂနွေ ရက်များတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထူးကလည်း ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)