ဒေါပုံ အခြေခံပညာကျောင်း ပေါင်း ၁၇ ကျောင်းတွင် မေ ၂၄ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်

ဒေါပုံ မေ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် နိုင်ရေးအတွက်  မြို့နယ်ပညာရေးဌာနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံပညာကျောင်းများ အားလုံးကို ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စာသင်ကြားမှုများ ယာယီ ရပ်ဆိုင်းထားရှိရာမှ ယခု၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၂၀၂၁ခုနှစ်၊မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွား မည်ဖြစ်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်သည့် နည်းလမ်းများနှင့် အခြားလိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။

ခင်မာဝေ(ပြန်/ဆက်)