ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ကိုယ့်ကိုကိုယ်ယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကင်း  မေ  ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို စာရေးဆရာမ ပေါက်ပေါက်က စာပေချစ်သူများအား စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုစာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့် အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

 “ယခုလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ဝိုင်းလေးတွေ ကျင်းပပေးတာ စာပေ ချစ်သူဝါသနာရှင်တွေအတွက် အရမ်းကောင်းပါတယ် စာရေးဆရာများစွာရဲ့ စာအုပ်ပါ အကြောင်းအရာ တွေကိုလည်း တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်မျိုးနဲ့ မဟုတ်ဘဲနဲ့ တခြားလူတွေရဲ့ အမြင်တွေကိုလည်း သိရတဲ့အတွက်လည်း ဝမ်းသာပါတယ်”လို့ စာပေချစ်မြတ်နိုးသူတစ်ဦးထံမှ ကြားသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်များအား မနက် (၉) နာရီခွဲမှ ညနေ (၄)နာရီခွဲအချိန်အထိ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ စာကြည့်တိုက် ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက် လာရောက်သူများအနေဖြင့် စာအုပ်ငှားရမ်းခြင်းများအပြင် အခမဲ့ဝိုင်ဖိုင် အသုံးပြုခြင်း၊ ဒေသဆိုင်ရာ သမိုင်းအကျဉ်းများ၊ ပြတိုက်ငယ်များ၊ ကလေးများအတွက် စာဖတ်ခန်းများ၊ အပတ်စဉ် စာဖတ်ပရိတ်သတ်များ စုပေါင်း၍ စာဖတ်ဝိုင်းများရှိသည့်အပြင် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက်လည်း Online Facebook Page များမှလည်း နိုင်ငံတော်ထုတ်ပြန်ချက်များ၊ မိုးလေဝသ သတင်းများ၊ ဒေသဆိုင်ရာ ထူးခြားဖြစ်စဉ်သတင်းများ၊ စာအုပ်မိတ်ဆက်အစီအစဉ်များနှင့် ကလေးများအတွက် ပုံပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အမျိုးသမီးများအတွက် အိမ်တွင်းမှုလုပ်ငန်းများ စသည်ဖြင့်အစီ အစဉ်မျိုးစုံဖြင့် အသိပညာဗဟုသုတ  မျှဝေပေးလျက်ရှိကြောင်း သိရသည်။

ထွေးလေး(ပြန်/ဆက်)