ဒေါပုံ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်း အားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီက ဒေါပုံပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာဝေမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဉာဏ်ထွန်းက စာရေး ဆရာ လယ်တွင်းသား စောချစ်ရေးသားသော ၁၉၈၉ ခုနှစ် အမျိုးသားစာပေဆုရ ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်အား ဖတ်ကြား ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာ များကို အမြင်ချင်း ဖလှယ်၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။
ခင်မာဝေ(ပြန်/ဆက်)