ရန်ကုန် မေ ၁၈
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း နှင့် ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်(၁၁) ဆိပ်တို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ ပုံမှန်ကူးသန်း သွားလာလျက်ရှိပြီး၊ ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်(စဉ့်အိုးတန်း)ဆိပ်ကမ်းသို့ ကူးတို့ ပို့ဆောင်ပြေးဆွဲနေသော ဒလမြို့နယ်မှ စက်တပ် သမ္ဗန်ကူးတို့ဆိပ် ၅ ခု အနေဖြင့် မိနစ် ၄၀ ကျော်ခန့် ခရီးသည်များ လုံခြုံမှုရှိစေရေးအတွက် ခေတ္တသွားလာမှု ပိတ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန် ကူးတို့ဆိပ်များ အားလုံး ပိတ်ထားခြင်း မရှိကြောင်း သိရသည်။
“ဒီနေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်ကျော်လောက်ကဘဲ ကမာကသွယ်ကူးတို့ဆိပ်၊ စက်မြေကူးတို့ဆိပ်၊ မှော်စက်ကူး တို့ဆိပ်၊ ကမာကဆစ်ကူးတို့ဆိပ်၊ ဆာပါချောင်းကျောင်းစု ကူးတို့ဆိပ် ကနေ ရန်ကုန်ဘက်ခြမ်း (စဉ့်အိုးတန်း) ၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂) ဆိပ်ကမ်းတို့ကို ပြေးဆွဲပို့ဆောင်နေတဲ့ စက်တပ်သမ္ဗန်တွေအနေနဲ့ ခေတ္တပိတ်ထားခဲ့ရတယ်၊ မိနစ် ၄၀ ကျော်လောက် စောင့်ဆိုင်းခဲ့ရတယ်၊ သိပ်မကြာဘူး ၇ နာရီကျော်လောက်မှာ စက်တပ်သမ္ဗန်များ ပြန်လည်ပြေးဆွဲလို့ ရသွားလို့ ခရီးသည်တွေကို ပုံမှန်ပို့ဆောင်ပေးပါတယ်၊ ဒီဘက်ခြမ်းဖြစ်တဲ့ တံလျှပ်ကူးတို့ဆိပ်၊ ကမာအောင်ကူးတို့ဆိပ်၊ ရေကန်ကူးတို့ဆိပ်၊ သမ္မတကမ်းခြေ ကူးတို့ဆိပ်တို့က ဗိုလ်တစ်ထောင် သမ္ဗန်ဆိပ်နဲ့ ပန်းဆိုးတန်းဆိပ်တို့ကို ပြေးဆွဲနေမှုက ပိတ်ထားခြင်း မရှိဘူး၊ ပုံမှန်ဖွင့်ပြီးတော့ ခရီးသည်တွေကို ပို့ဆောင်ပေးပါတယ်” ဟု မြို့နယ်စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
ထို့အတူ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များ နှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများ၊ ဒေသခံများ အနေဖြင့် ခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေး ကူးတို့ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသော ချယ်ရီသင်္ဘော ရေယာဉ် များ အနေဖြင့် ရပ်နားခြင်းမရှိဘဲ ပုံမှန်ပို့ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း၊ ခရီးသည်များ ပုံမှန်သွားလာလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ဆိပ်ကမ်းတို့မှ တာဝန်ရှိသူများ ထံမှ သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ အနေဖြင့် ရုံးဖွင့်ရက်များတွင် အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက်နှုန်းဖြင့် ဒလဘက်ကမ်းမှ နံနက် ၅ နာရီခွဲမှ စတင်၍ ည ၇ နာရီအထိ လည်းကောင်း၊ ပန်းဆိုးတန်း ဘက်ကမ်းမှ နံနက် ၆ နာရီမှ စတင်၍ ည ၇ နာရီခွဲအထိ လည်းကောင်း၊ ရုံးပိတ်ရက်များတွင် အသွား ၂၃ ခေါက်၊ အပြန် ၂၃ ခေါက်နှုန်းဖြင့် လည်းကောင်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ပြေးဆွဲပို့ဆောင် ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
နိုင်လင်းကျော်(IPRD)