မိတ္ထီလာ မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မိတ္ထီလာမြို့စက်မှုဇုံရှိ ချန်းကျန်စက်မှု အထည်ချုပ်စက်ရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အေးနှင်းက အမှာစကား ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းအား ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အမြဲတမ်းနေထိုင်သူများ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ရပ်ကွက်/ကျေးရွာအလိုက် စာရင်းပြုစုတောင်းခံ၍ နိုင်ငံသား စိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်များအား ဆောင်ရွက်ပေးခြင်းအပြင် အမြဲတမ်း နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ရပ်ကွက်/ ကျေးရွာအလိုက် စာရင်းဇယားသေချာစွာ ပြုစုဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် ရွှေ့ပြောင်း နေထိုင်သူများအတွက် သီးခြားစာရင်းပြုစုပြီး မူလနေထိုင်ရာ ဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း ရှိသော်လည်း လက်ရှိ မိမိမြို့နယ်အတွင်း နေထိုင်ရာဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသောသူများ ဆောင်ရွက်ပေးခြင်းနှင့် မူလနေထိုင်ရာ ဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ လက်ရှိ မိမိမြို့နယ်အတွင်း နေထိုင်ရာဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေး လျက်ရှိသည်။
၎င်းပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းအား မေလ ၃ ရက်နေ့မှစတင်၍ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု(၅၈)အုပ်စုတို့ကို မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော် ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ညောင်ကိုင်းအုပ်စုနှင့် ဆပ်ပြာကျင်းအုပ်စု တို့ကိုမှ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူ အိမ်ထောင်စု(၅)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရှိသူ အမျိုးသား(၁၄)ဦးနှင့် အမျိုးသမီး(၁၇)ဦးတို့အား ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါပန်းခင်းစီမံချက်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်ထံမှ သိရသည်။
သိန်းမြင့်ကျော်