သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမပေါက်ပေါက် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်  မေ  ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းကို စာရေးဆရာမပေါက်ပေါက်ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိတ်သတ်များက ဆရာမကိုယ်တိုင် ရေးသားထားသော “စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာ” စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဒီလိုစာဖတ်ဝိုင်းလေးတွေ ကျင်းပပေးတာ ကျွန်မတို့လို စာပေချစ်သူ ဝါသနာရှင်တွေအတွက် အရမ်း ကောင်းပါတယ် စာအုပ်ပါ အကြောင်းအရာတွေကိုလည်း တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်မျိုးနဲ့ မဟုတ်ဘဲနဲ့ တခြားလူတွေရဲ့ အမြင်တွေကိုလည်း သိရတဲ့အတွက် ကျေနပ်ပါတယ်”လို့ စာဖတ်ဝိုင်း တက်ရောက်သူတစ်ဦးထံမှ သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များအနေဖြင့် မနက် (၉) နာရီခွဲမှ ညနေ (၄)နာရီခွဲအချိန်အထိ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ စာကြည့်တိုက် ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက်လာရောက်သူများအနေဖြင့် စာအုပ်ငှားရမ်းခြင်းများအပြင် အခမဲ့ဝိုင်ဖိုင် အသုံးပြုခြင်း၊ ဒေသဆိုင်ရာသမိုင်းအကျဉ်းများ၊ ပြတိုက်ငယ်များ၊ ကလေးများအတွက် စာဖတ်ခန်းများ၊ အပတ်စဉ် စာဖတ်ပရိတ်သတ်များ စုပေါင်း၍ စာဖတ်ဝိုင်းများရှိသည့်အပြင် စာကြည့်တိုက်သို့ မလာရောက် နိုင်သူများ အတွက်လည်း Online Facebook Page များမှလည်း နိုင်ငံတော်ထုတ်ပြန်ချက်များ၊ မိုးလေဝသ သတင်းများ၊ ဒေသဆိုင်ရာ ထူးခြားဖြစ်စဉ်သတင်းများ၊ စာအုပ်မိတ်ဆက်အစီအစဉ်များနှင့် ကလေးများ အတွက် ပုံပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်း အစီအစဉ်များကိုလည်း တင်ဆက်ပေးလျက်ရှိသည်။

စန္ဒာမိုး(ပြန်/ဆက်)