သာကေတ မေ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်(၁၀)နာရီ ၌ စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များ ပေးအပ်ခြင်းနှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှေးဦးစွာ ရန်ကုန်တိုင်းစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဦး(ခ) ဟိန်းလတ်မှ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ စာအုပ်ဝယ်ယူနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားပြီး စာကြည့်တိုက်များကို စာအုပ်များဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူး သင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်အဆောက်အဦး ပြင်ဆင်လိုသည့်အခြေအနေ များကို ရန်ကုန်တိုင်းစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရန်ပုံငွေလျာထားချက်အရ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သာကေတမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖေသောရီမှ “ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားချက်အရ သာကေတ မြို့နယ်ရှိ ရပ်ကွက်စာကြည့်တိုက် (၁၆)တိုက်ကို စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များ ပေးအပ် သွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်လုပ်ငန်းသည် မွန်မြတ်သော ပရဟိတလုပ်ငန်းဖြစ်သည့် အားလျော်စွာ ကြိုးစားဆောင်ရွက်ဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်ဆောင်းနှင်းဖြူမှ စာကြည့်တိုက်များမှ လိုအပ်သည့် ပရိဘောဂ၊ သုတရသစာအုပ်၊ အဆောက်အဦး အခြေအနေများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သာကေတမြို့နယ်ရုံးသို့ (၂၄.၅.၂၀၂၁) ရက်နေ့အရောက် စာရင်းပေးပို့ပေးပါရန် ပြောကြားခဲ့ပြီး စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များကို ရပ်ကွက်စာကြည့် တိုက်(၁၆) တိုက်အား ပေးအပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဦး(ခ)ဟိန်းလတ်၊ သာကေတမြို့နယ်၊ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖေသောရီနှင့် ကော်မတီဝင်များ မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်(၁၆)တိုက်မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)