မိတ္ထီလာ၌ သမိုင်းဝင်ရတနာသင်္ကျစ် စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပမည်

မိတ္ထီလာ မေ ၁၈

မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက် သြဇာခြံရပ်တွင် တည်ထားသည့် သမိုင်းဝင်ရတနာသင်္ကျစ် စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲကို မေလ ၂ဝ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင်စေတီတော်အား မူလဉာဏ်တော် ၂၇ ပေအမြင့်မှ ဉာဏ်တော်အမြင့် ၅၄ ပေအထိ တိုးမြှင့်တည်ထားခဲ့ပြီးနောက် ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

‘‘သမိုင်းဝင်ရတနာသင်္ကျစ် စေတီတော်က ယခင်တုန်းက ဉာဏ်တော်အမြင့် ၂၇ ပေရှိခဲ့ပြီး ပိုမိုကြည်ညို သပ္ပာယ်ဖွယ်ဖြစ်အောင်လို့ ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လတုန်းကစတင်ပြီး ဉာဏ်တော်အမြင့် ၅၄ ပေအထိ တိုးမြှင့်တည်ထားတာဖြစ်ပါတယ်။ စေတီတော် ဉာဏ်တော်အမြင့် တိုးမြှင့်တည်ထားခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်းနဲ့ စေတီတော်ဘက်စုံပြုပြင်ရေး လုပ်ငန်းတွေက အကြောင်းကြောင်းကြောင့် နှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး အခုချိန်မှ ရွှေထီးတော်တင်လှူပူဇော်ပွဲကို ကျင်းပဖို့ စီစဉ်ရတာဖြစ်ပါတယ်’’ ဟု ရတနာသင်္ကျစ် စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်ဝင်းလေး က ပြောသည်။

အဆိုပါသမိုင်းဝင်ရတနာသင်္ကျစ် စေတီတော်၏ မူလဒါယိကာမှာ ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်း၏ သားတော်အိမ်ရှေ့မင်းဖြစ်သည်။ မိတ္ထီလာကန်အား ဆည်ဖို့ပြုပြင်ရန် ဘိုးတော်ဗဒုံမင်း ကြွရောက်လာချိန်တွင် လိုက်ပါလာသည့် အိမ်ရှေ့မင်းက မြန်မာသက္ကရာဇ် ၁၁၅၈ ခုနှစ်တွင် ရတနာသင်္ကျစ်စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းစေတီတော်ရှိ ရှေးဟောင်း ဘုရားသမိုင်း ကျောက်စာ၏ မှတ်တမ်း ဖော်ပြချက်များအရ သိရသည်။

ချမ်းသာ