တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စာအုပ် စာစောင်များ ငှားရမ်းပေးလျက်ရှိ

ရန်ကုန် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟု သုတတိုးပွားစေရေးအတွက် ယခုလဆန်းပိုင်းမှ စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်ကို အစိုးရရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအချိန်အထိ ဖွင့်လှစ်ပေးထားပြီး နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ်ဝတ္တုများ၊ ရုပ်ပြများ၊ သုတ/ရသ အမျိုးအစား စုံလင်သော စာအုပ်စာစောင်ပေါင်း (၇၈၀၀) ကျော်ရှိပြီး စာပေချစ်မြတ်နိုးသူများ၊ ရပ်ကွက် နေပြည်သူများနှင့် ကလေးသူငယ်များ အခမဲ့ငှားရမ်းဖတ်ရှုလျက်ရှိကြောင်းနှင့် စာပေဝါသနာပါသူ မည်သူမဆို လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းလည်း သိရသည်။

"စာပေဟာ လူတစ်ယောက်ရဲ့ ဘဝအလင်းဆိုလည်း မမှားပါဘူး။ အများအားဖြင့် လူငယ်တွေကို စာများများ ဖတ်စေချင်ပါတယ်။ စာဖတ်ခြင်းကနေ အသိဉာဏ်ပညာ ဗဟုသုတတွေတိုးပွားလာမယ်။ အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။ ဒါ့အပြင် စာဖတ်ခြင်းကနေ စိတ်ခွန်အားတွေလည်း ရရှိလာနိုင်ပါ တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ယခုလို မြို့နယ်စာကြည့်တိုက်တွေဖွင့်လှစ်ပြီး သုတ/ရသစာအုပ် စာစောင်များ၊ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ် ဝတ္တုများ၊ ရုပ်ပြများကို အခမဲ့ ငှားရမ်းပေးတဲ့အတွက်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါတယ်" ဟု စာငှားပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက် ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့သော်လည်း မြို့နယ် အတွင်းရှိ ပြည်သူများ အသိဉာဏ် ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိ ပညာပေး အစီအစဉ်များကို ယနေ့အထိ စဉ်ဆက် မပြတ် ထုတ်လွှင့်ပေးလျက်ရှိပြီး ၎င်းအသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သိရှိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)