မိတ္ထီလာမြို့နယ် တဲလှကျေးရွာတွင် ကြံသီးနှံစိုက်ပျိုးအောင်မြင်၍ ဒေသစျေးကွက်အတွင်း နေ့စဉ်ရောင်းချရလျက်ရှိ

မိတ္ထီလာ မေ ၁၈

မိတ္ထီလာမြို့နယ် သံဘိုကျေးရွာအုပ်စု တဲလှကျေးရွာတွင် ကြံသီးနှံစိုက်ပျိုးအောင်မြင်၍ ဒေသစျေးကွက်အတွင်း နေ့စဉ်တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံကြံစိုက်တောင်သူများထံမှ သိရသည်။

‘‘တဲလှကျေးရွာမှာ ကျွန်တော်အပါအဝင် အခြားကြံစိုက်တောင်သူ ဦးခန့်ရှိပါတယ်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနဲ့ အက်ရှင်အေ့ဒ် မြန်မာတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ နေပြည်တော်ကြံမျိုးကို ယူပြီးစိုက်ခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က တဲလှကျေးရွာမှာ ကြံသီးနှံကို စတင်စမ်းသပ်စိုက်ပျိုးခဲ့တာ အခုစိုက်ပျိုးအောင်မြင်တဲ့ အနေအထားမို့ ကျွန်တော့်ကြံစိုက်ခင်းကနေ နေ့စဉ်ဒေသအတွင်း စျေးကွက်ကို တင်ပို့ရောင်းချနေရပါပြီ။ မိတ္ထီလာမြို့ပေါ်က ပွဲရုံတွေဆီမှာ သွင်းတဲ့စျေးကတော့ ကြံတစ်ချောင်းကို ၃၀၀ ကျပ်နဲ့သွင်းပါတယ်။ မိတ္ထီလာမြို့နယ်အတွင်းရှိတဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမ တစ်လျောက် ကျေးရွာများက ကြံရည်ရောင်းတဲ့ ဆိုင်တွေမှာတော့ ကြံတစ်ချောင်းကို ၄၀၀ ကျပ် နှုန်းနဲ့ တင်ပို့ရောင်းချရပါတယ်။ တစ်နေ့ကို  ကြံ ၁၀ ချောင်းပါ အစီး ၄၀၊  ၅၀ လောက် ပုံမှန်ရောင်းချရပါတယ်။ ပွဲရုံကိုပို့တဲ့အခါမျိုးကျတော့ ဒီထက် များပါတယ်’’ဟု တဲလှကျေးရွာမှ ကြံစိုက်တောင်သူ ဦးတင်ဝင်း က ပြောသည်။

တဲလှကျေးရွာ ဦးတင်ဝင်း၏ ကြံစိုက်ခင်းမှာ တစ်ဧကလျော့လျော့  ၀.၈၀ ဧကခန့်သာ စိုက်ပျိုးထားပြီး စတင်အောင်မြင် ထွက်ရှိချိန်မှစတင်ပြီး လက်ရှိအချိန် ကြံအချောင်းရေ ၇၀၀၀ ခန့်ခုတ်၍ ရောင်းချပြီး ဖြစ်ကာ ကြံအချောင်းရေ ပထမအကြိမ် တစ်သောင်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ၄င်းစိုက်ခင်း အတွက် စုစုပေါင်း အရင်းအနှီး သိန်းကျပ်ခန့် ရင်းနှီးစိုက်ထည့်ထားကြောင်း သိရသည်။ ကြံသီးနှံမှာ သုံးကြိမ်ခန့်အထိ ခုတ်၍ ရောင်းချရသော်လည်း ကြံစိုက်တောင်သူအများစုမှာ အရည်အသွေးကောင်းသည့်     ဒုတိယအကြိမ် (လမိုင်း) အထိသာ ခုတ်ယူရောင်းချလေ့ရှိကြောင်း သိရသည်။

ချမ်းသာ