စဉ့်ကိုင် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတတ် လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှု လျှော့နည်း လာစေရေးအတွက် ရည်ရွယ်ပြီး (၂၀၂၀−၂၀၂၁)ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေအဖြစ် ကျေးရွာများအား အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကို ယနေ့နံနက်ပိုင်းက တောမကျေးရွာအုပ်စု ပတ္တာကျေးရွာတွင် စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊
ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင်နှင့် တာဝန်ခံ ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၅၀)ဦးအတွက် ငွေကျပ် ၁၃၇၅၀၀၀၀နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၈၁)ဦးအတွက် ငွေကျပ် ၁၆၂၅၀၀၀၀ စုစုပေါင်း ငွေကျပ် သိန်း (၃၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည့် ကျေးရွာတွင်း လမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း စသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)