ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည်ပတ်ဝန်းကျင်ကျေးရွာများ ထိုင်ဝမ် ကြက်ဟင်းခါး စိုက်ခင်းနှင့် ငရုတ်သီးထပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်မျိုးလုံး ဈေးကောင်းရရှိနေ

ကျောက်ပန်းတောင်း ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများတွင် ထိုင်ဝမ်ကြက်ဟင်းခါး စိုက်ခင်းများတွင် ငရုတ်သီးထပ် စိုက်ပျိုးကြရာ စိုက်ခင်းအတွင်း သီးညှပ်ရော၊ သီးထပ်ပါ အောင်မြင်ဖြစ်ထွန်းနေပြီး ရောင်းချချိန် ဈေးနှုန်းကောင်း ရရှိနေကြကြောင်း လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်း အောင်ထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ လက်ပံအိုင့်၊ ညောင်ဖြူပင်၊ ကုန်းတဲ၊မုန့်ကုန်း၊ ညောင်ချိုင်း၊ ကင်မွန်းခြုံ၊ ဆပ်ပြာကျင်း ကျေးရွာများသည် ထိုင်ဝမ် ကြက်ဟင်းခါး အမြောက်အများစိုက် ပျိုးကြသည့် ကျေးရွာများဖြစ်ကြကာ ထိုင်ဝမ် ကြက်ဟင်းခါး စိုက်ပျိုးခြင်းအား ပြာသိုလ၊ တပိုတွဲလတို့တွင်စတင်၍ စိုက်ပျိုးထားကြောင်း သိရပြီး ကြက်ဟင်းခါးပင် တစ်ပင်နှင့်တစ်ပင် ၁၂ပေခြား စိုက်ပျိုးထားပြီး စင်ခံစိုက်ပျိုးကြကြောင်း၊ ကြက်ဟင်းခါးပင်နွယ်များစင် ပေါ်တက်ပြီး ကြက်ဟင်းခါးနွယ်များ အပင်ဖြာကာ တန်ခူးလတွင် အပွင့်စတင်ပွင့်ပြီး အသီး သီးကြောင်း သိရသည်။

ကြက်ဟင်းခါးပင်နှင့်အတူ ငရုတ်ပင်များကိုလည်း မြောင်းရေသွင်း စနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးထားကြောင်း၊ နွေရာသီအပူရှိန်မြင့်တက်ချိန် ကြက်ဟင်းခါး စင်မှကြက်ဟင်းခါးနွယ်များက ငရုတ်ပင်များကို အပူရှိန်သက်သာစေပြီး အပင်ဖြစ်ထွန်း အားပိုးကောင်းပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်းလည်း ကောင်းလာကြောင်း၊ ရာသီဥတုပူပြင်းချိန် တစ်နေ့တစ်ချိန်ရေသွင်း၊ ရေဖြန်း ပေးခြင်းဖြင့် ကြက်ဟင်းခါးစင်ရော၊ ငရုတ်ပါ အပူရှိန်သက်သာပြီး အပွင့်ပွင့်နှုန်း၊ အသီး သီးအား ကောင်းကြောင်း တောင်သူ ဦးတင်ထွန်းအောင်မှ ရှင်းပြသည်။

ထိုင်ဝမ်ကြက်ဟင်းခါးသီးရော၊ ငရုတ်ပါတပြိုင်ထဲပေါ်ကာ ဆွတ်ခူးရောင်းချချိန် ထိုင်ဝမ်ကြက်ဟင်းခါးသီး တစ်ပိသာ ဖောက်သည်ဈေး ၇၀၀ကျပ် သွင်းရပြီး၊ ငရုတ်သီးတစ်ပိသာ ဖောက်သည်ဈေး ၈၅၀ကျပ် သွင်းရကြောင်း သိရသည်။ ငရုတ်မျိုးများအား မိုးမျှော်ငရုပ်မျိုးနှင့် ကျောက်စိမ်းငရုတ်၊ ငရုတ်ပွမျိုးများ စိုက်ပျိုးကြပြီး၊ ကြက်ဟင်းခါးမျိုးကို ထိုင်ဝမ်ကြက် ဟင်းခါးမျိုး တစ်မျိုးသာ စိုက်ပျိုးကြကြောင်း သိရသည်။ ထွက်ရှိလာသည့် ကြက်ဟင်းခါးသီးများနှင့် ငရုတ်သီးများအား ငရုတ်သီးပွဲစားများနှင့် ကြက်ဟင်းခါးသီး ရောင်းဝယ်ရေးပွဲစားများ စိုက်ခင်းအထိ လာရောက်ဝယ်ယူခြင်း၊ ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့သွားရောက် ရောင်းချခြင်းနှင့် ပခုက္ကူဈေးကွက်၊ ညောင်ဦး ဈေးကွက်နှင့် မကွေး၊ မြင်းခြံဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD