မြစ်ကြီးနား မေ ၁၈
ကချင်ပြည်နယ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အားကစား တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်) အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ဘက်စုံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာလက်ဝှေ့ လက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက်ကိုလည်း အလေးထား ဆောင်ရွက်ရန် လက်ဝှေ့စိန်ခေါ်ပွဲကို ကျင်းပပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကျင်းပ ပြုလုပ်နိုင်ရေး အတွက် မိမိတို့အနေဖြင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးကို ပွင့်လင်းရင်းနှီးစွာ တင်ပြစေလို ပါကြောင်း မှာကြားသည်။
ထို့နောက် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)မှဥက္ကဋ္ဌ ဦးကျော်မင်းခိုင်က လက်ဝှေ့ပွဲကျင်းပ ပြုလုပ်သွားမည့် ပွဲစဉ်နှင့် တွဲဆိုင်းများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လိုအပ်သည့် အထောက်အပံ့ အကူအညီများ ရရှိရေးကိုတင်ပြပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ စိန်ခေါ်ပွဲ ကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် ကစားသမားများ တည်းခိုနေထိုင်ရေး စီမံထားရှိမှု အခြေအနေတို့ကို တင်ပြသည်။
ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုးဆွေနှင့် ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးတို့က မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကျင်းပပြုလုပ်ရေး စီမံမှုများအပေါ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားသမားများ တည်းခိုနေထိုင်စားသောက်ရေး၊ ပြိုင်ပွဲတစ်လျှောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားနိုင်ရေးနှင့် ပြိုင်ပွဲကျင်းပမှု အစီအစဉ်များ နှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ တည်းခိုနေထိုင်စားသောက်မှု အဆင်ပြေစေရန် ကူညီထောက်ပံ့ပေးနိုင်ရေး၊ အမျိုးသမီးတွဲဆိုင်း ထည့်သွင်းကျင်းပရေးနှင့် လက်ဝှေ့ စိန်ခေါ်ပွဲကို အများပြည်သူအခမဲ့ ကြည့်ရှုအားပေးနိုင်ရေးနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထက်မြန်မာပြည် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တို့အကြား ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နာမည်ကြီး ရွှေခါးပတ် ချန်ပီယံ၊ ဆီဂိမ်းလက်ရွေးစင်၊ ရွှေတံဆိပ်ဆုရ ကစားသမားများပါဝင်သည့် တွဲဆိုင်း(၈)ဆိုင်းအပြင် မျိုးဆက်သစ် ကစားသမားတွဲဆိုင်း(၄)ဆိုင်း၊ အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပွဲစဉ်များကို အများပြည်သူအခမဲ့ ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)