ဆီဆိုင်မြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ၅ ခု နှင့် ကုန်ထုတ်တံတား(၂)စင်း တည်ဆောက်မှု (၉၈) ရာခိုင်နှုန်းပြီးစီး

ဆီဆိုင် မေ ၁၈ စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ပင်ငိုကျေးရွာ၊ ကုန်းလမ်းကျေးရွာ၊ နောင်အယ်(မြောက်)ကျေးရွာ၊ ကွန်ကောင်းမှုကျေးရွာနှင့် ဘန့်ပလန်ကျေးရွာတို့တွင် ရန်ပုံငွေကျပ် (၁၆၈.၀၃၄)သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းငါးလမ်းနှင့် ကုန်ထုတ်တံတား(၂)စင်း ဆောင်ရွက်မှု(၉၈)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ ပင်ငိုကျေးရွာတွင် အရှည် ၁ မိုင် သဲဗြုန်းခင်းခြင်းနှင့် Pipe Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ကုန်းလမ်းကျေးရွာတွင် အရှည် ၂ မိုင် ၂ ဖာလုံ သဲဗြုန်းခင်းခြင်းနှင့် အလျား ၁၂ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၆ ပေရှိ ကျေးလက်ကုန်ထုတ်တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ နောင်အယ်(မြောက်)ကျေးရွာတွင် အရှည် ၁ မိုင် ၁ ဖာလုံ သဲဗြုန်းခင်းခြင်း၊ ကွန်ကောင်းမှူးကျေးရွာတွင် အရှည် ၄ ဖာလုံ သဲဗြုန်းခင်းခြင်းနှင့် ဘန့်ပလန်ကျေးရွာတွင် အရှည် ၅ ဖာလုံ သဲဗြုန်းခင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး(၉၈)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက ကျေးရွာ(၁၇)ရွာ၊ အိမ်ခြေ(၈၁၃)၊ လူဦးရေ(၃၉၇၃)ဦး၏ လယ်ယာမြေဧက (၅၉၀၀)အကျိုးပြုမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်း များကို ဈေးကွက်သို့ ကုန်ကျ စရိတ် သက်သာစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် မိုးရာသီကာလတွင်လည်း အခက်အခဲမရှိ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည့်အတွက် ကျေးရွာ၏ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများကို များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ (နည်းပညာ) ဦးအောင်နိုင်ဝင်းမှ ပြောကြားသည်။ ခွန်ရဲထွေး(ဆီဆိုင်)