တောင်ကြီး မေ ၁၈
ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေး “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်မည့် အစီအမံအား ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကမ္ဘာပေါ်ရှိ လွတ်လပ် သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံအသီးသီးသည် မိမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားများကို မိမိနိုင်ငံ၏ နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးရပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် မိမိနိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်း နေထိုင်ကြောင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ရန် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးကို လျှောက်ထားရယူ ကိုင်ဆောင်စေလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး “ပန်းခင်း” စီမံချက်ဖြင့် စစ်ဆင်ရေး တစ်ရပ်အသွင် ဆောင်ရွက်ထုတ်ပေးရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးက လမ်းညွှန်မှာ ကြားခဲ့သည့်အတွက် “ပန်းခင်း”စီမံချက်ကို ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက် နေ့အထိ (၁၈)လကြာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံးက ကြီးကြပ်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မြင့်မှ ဆွေးနွေးတင်ပြ၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)