ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ဖွင့်လှစ်

 
မောင်တော မေ ၁၇
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲ ကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုင်အေးက အဖွင့်အမှာ စကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေးနှင့် တစ်ဦးချင်း ဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး ၊ လုပ်ငန်းစဉ်များအတွက် အထောက် အကူပြုနိုင်စေနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်း ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်မှ သင်တန်းမှ ပို့ချမည့် ဘာသာ ရပ် များကို ရှင်း လင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသ ထားသည့် သင်ထောက်ကူ ပစ္စည်းများအား လှည့်လည် ကြည်ရှုခဲ့ကြသည်။
သင်တန်းတွင် အဆင့်မြင့် သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ယူမည်ဖြစ်ရာ သင်တန်းသူများမှာ ကျေးလက်နေ ဒေသခံ တိုင်းရင်းသူများဖြစ်ပြီး သင်တန်း ကာလမှ (၁၈)ပတ် ကြာမြင့်မည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ အိမ်တွင်းမှုပညာ သင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး