ဟိုပုံး မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ကျေးလက်နေတောင်သူများအတွက် ခေတ်မီစိုက်ပျိုရေးနည်းစနစ်များ၊ မွေးမြူရေးဆိုင်ရာ နည်းစနစ်များကို စုစည်းပြီး ဖွင့်လှစ်ပို့ချမည့်သင်တန်းဖြစ်ပါကြောင်း၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုလို အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းသည် ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ကျေးရွာများအတွက် အကျိုးရှိစေမည့် သင်တန်းများကို ရွေးချယ် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ဖွင့်လှစ်ပြီးသင်တန်းပေါင်း(၁၂)ခုရှိပြီး သင်တန်းများအပြင် ဌာနရဲ့ အခြားစီမံကိန်း လုပ်ငန်းများဖြစ်သည့် ဆိုလာမီးလင်းရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ Cash For Work စီမံကိန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ အကောင်အထည်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်မှ ကျေးလက်ဒေသအတွင်းရှိ ကျေးလက်နေဒေသခံ စိုက်ပျိုးတောင်သူများ၏ သီးနှံများ တစ်ဧကအထွက်နှုန်းမြင့်မားရေးနှင့် အရည်အသွေးတိုးတက်ကောင်းမွန်ရေး၊ မွေးမြူရေး တောင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြင့်တင်ရေး လုပ်ငန်းများကို ခေတ်မီနည်းစနစ်ကျ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်စေပြီး တစ်အိမ်ထောင်ချင်း မိသားစုဝင်ငွေတိုးပွားစေရေးအတွက် အထောက်အပံ့ကောင်းဖြစ်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို မေလ(၁၇)ရက်နေမှ မေလ(၂၁)ရက်နေ့အထိဖွင့်လှစ် သင်ကြားပေးသွားမည်ပြီး သင်တန်းသား(၃၆)ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။