မုဒုံ မေ ၁၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် တန်းကျောင်း(မုဒုံ)၌ယနေ့နံနက်(၉)နာရီက အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)နှင့်မွန်ရိုးရာလက်ရက်ကန်း သင်တန်း အမှတ်စဉ်(၁၉) သင်တန်း ဖွင့်ပွဲအခမ်းအနားကိုဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း တပ်နယ်မှူးဗိုလ်မှူးကြီးကျော်ဝင်း၊ သက်ဆိုင်ရာဌာန ဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးမှနယ်စပ်ဒေသနှင့်ဆင်းရဲနွမ်းပါး သောဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့်သင်ကြား တတ်မြောက်သည့် အသက်မွေးဝမ်းကြောင်းပညာများဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိကူညီဆောင်ရွက်ပေးရန်၊ အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးခြင်း အားဖြင့် အလုပ်အကိုင် အခွင့်အလမ်း များရရှိပြီး စားဝတ်နေရေး ဘက်စုံတိုးတက်၍လူနေမှု အဆင့်အတန်းမြင့်မားလာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါအဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကိုသင်တန်းသူ(၂၇)ဦး၊ မွန်ရိုးရာလက်ရက်ကန်း သင်တန်းသူ(၃)ဦး စုစုပေါင်း(၃၀)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၉)ဦး တို့မှ(၁၈)ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်မျိုးသူ