မိုးညှင်း မေ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ယင်းသင်တန်းတွင် မိုးညှင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်တို့က အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့သည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကာလမှာ တစ်လတာကြာမြင့်မည်ဖြစ်၍ Power Point၊ Excel၊ Word နှင့် Adobe Page Maker စသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စုများမှ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ကျေး/လက် ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)