ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၂) သင်တန်းဖွင့်လှစ်

ဗန်းမော်    မေ    ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်(၂)သင်တန်းဖွင့်ပွဲကို မေ ၁၇ ရက် နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က နယ်စပ်ဒေသ နှင့်ဆင်းရဲနွမ်းပါးသော ဒေသများရှိ အမျိုးသမီးငယ်များအား အိမ်တွင်းမှုသက်မွေး ပညာရပ်များ သင်ကြားပေးရန်၊ အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိပြီး စားဝတ်နေရေး ဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးလေးများ ဖြစ်လာ စေရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်  အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ့်စိုးက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ခင်းကျင်းပြသထားသည့် သင်ထောက်ကူ ပစ္စည်းများအား တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါသင်တန်းကို ဗန်းမော်၊မိုးမောက်၊ မန်စီနှင့်ရွှေကူမြို့နယ်တို့မှ သင်တန်းသူ(၂၄)ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ရက်သတ္တ(၁၈)ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)