တံတားဦးမြို့နယ်တွင် ကောင်းမွန်သောတိရစ္ဆာန် မွေးမြူရေးကျင့်စဉ်( GAHP ) သင်တန်းဖွင့်လှစ်

တံတားဦး  မေ  ၁၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်(GAHP) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦးက အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက  တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားစွာ သင်ယူခြင်းဖြင့် အရည်အသွေး ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော မွေးမြူရေး ထုတ်ကုန်များအတွက် ပြည်တွင်းစားသုံးမှု ဖူလုံမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုကိုလည်း အမှန်တကယ်အထောက်အကူပြုပြီး လက်တွေ့တွင် အသုံးဝင်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်သင်ခန်းစာများကိုလည်း စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝါဝါဝင်းသူက  ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) သင်ခန်းစာနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို မေလ(၁၇)ရက်မှ(၁၈)ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး တစ်ရက်လျှင် သင်တန်းသား၊ သင်တန်းသူ(၂၅)ဦး တက်ရောက် သင်ယူမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံ မှသိရသည် ။

ရဲတင့်(တံတားဦး)