(၇၃) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲဖွင့်ပွဲ မင်္ဂလာ ကျင်းပ

ရန်ကုန်  မေ  ၁၇ 

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင် တွင် ယနေ့နံနက် ၈ နာရီခွဲ က ၇၃ကြိမ်မြောက် တိပိဋကဓရ ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲဖွင့်ပွဲမင်္ဂလာကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီးတိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့ သြဝါဒါစရိယဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ လှိုင်သာယာမြို့နယ်၊ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညိ ဿရာဘိဝံသမဟာထေရ်မြတ်ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း ဒေသ ကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး တို့အမှူးပြုသောပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်က သာရဏီယ သြဝါဒကထာ ချီးမြှင့်တော်မူသည်။

ဆက်လက်၍သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထား သည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က တိပိဋက၊ တိပိဋကကောဝိဒသြဝါဒါ စရိယဆရာတော် ၁၀ ပါး အား အသိအမှတ်ပြု လက်မှတ်များဆက်ကပ်သည်။

ဆက်လက်၍အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်သည်။

ထို့နောက်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်း ကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသမဟာထေရ်မြတ်က အနုမောဒနာနှင့်ရေစက်သွန်း တရားဟောကြား ချီးမြှင့် တော်မူသည်။

ယင်းနောက်ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပြီး ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူခဲ့ကြကြောင်း သိရသည်။

၇၃ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲဖြေဆိုတော် မူကြသော အဘိဓမ္မာရှေ့ပိုင်းစာဖြေသံဃာ ၇ ပါး၊ အဘိဓမ္မာနောက်ပိုင်းစာဖြေသံဃာ ၆ ပါး၊ ဒီဃနီကာယ် စာဖြေ သံဃာ ၂၆ ပါး၊ ဝိနည်းရှေ့ပိုင်းစာဖြေသံဃာ ၆၆ ပါး၊ စုစုပေါင်းစာဖြေသံဃာတော် ၁၀၅ ပါး ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး