ကျောက်မဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

 

ကျောက်မဲ  မေ  ၁၇

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်အရ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်  အိမ်ထောင်စုစာရင်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ၎င်းကဲ့သို့ ဆောင်ရွက်ရာတွင်အဆိုပါပန်လော့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၆ ရွာမှနိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသည့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ၅၄ ဦး ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၁၂၃ ဦး၊  အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ နှစ်ပြည့် ကတ်ပြားလှဲလှယ်လိုသူ ၁၄ ဦး  ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားပျောက်ဆုံးပျက်စီးနေ သူ ၂၄ ဦး စုစုပေါင်းပြည်သူ ၂၁၅ ဦးတို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ‌ပြုလုပ်‌ပေးခြင်း၊  အိမ်ထောင်စု စာရင်းပျောက်ဆုံး၊ ပျက်စီး‌နေသည့်  အိမ်ထောင်စု ၆၄ စုအတွက် အိမ်ထောင်စု စာရင်းများ ထုတ်ပေးခြင်း တို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်အရအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ကျောက်မဲ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးနှင့် လုံခြုံရေးကောင်းမွန်သည့် ကျေးရွာအုပ်စုများသို့ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု စာရင်းများကို ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)