စဉ့်ကိုင် မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာနတွင် စာရေးဆရာမြင့်ကျော်၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့'' စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် မိတ်ဆွေ အပေါင်းအသင်း တိုးပွားခြင်း၊ စာပေဗဟု သုတများတစ်ဦးနှင့်တစ်ဦး အပြန်အလှန် အတွေ့အကြုံများ ဖလှယ်နိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စဉ့်ကိုင်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးဝင်းကြည်က စာရေးဆရာမြင့်ကျော်၏ “ခယောင်းလမ်းမှသည်ပန်းလွင်ပြင်ဆီသို့” စာအုပ်ပါ အခန်းကဏ္ဍများထဲမှ" စာပေလမ်းရဲ့အစ ခရီးအကြောင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူငယ်များအသင်းဥက္ကဋ္ဌ ဦးဝင်းဦးက "ရေကြည်တစ်ပေါက်နဲ့ လူတစ်ယောက်အကြောင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်ခင်စန်းက "ခေတ်သစ်နှလုံးသား အင်တာနက်ရပ်ဝန်း" အကြောင်းခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားခဲ့ရာ ယနေ့ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည့်အတွက် သုံးတတ်လျှင် အကျိုးများစေပြီး မသုံးတတ်လျှင်ဒုက္ခတွေ၊ အပြစ်တွေများကြောင်း၊ လျင်မြန်စွာ တိုးတက်ပြောင်းလဲ နေသော ခေတ်ကြီးဖြစ်ရာ သတင်းအချက်အလက် နည်းပညာများသိရှိပြီး အမှား၊အမှန်ဝေဖန်ပိုင်းခြား တတ်ဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက် လာသောစာပေ ဝါသနာရှင်များကလည်း အသီးသီး အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း(ပြန်/ဆက်)